ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးတည်ဆောက်ရေးလုပ်ငန်း အိတ်ဖွင့်တင်ဒါအဆိုပြုလွှာ စိစစ်ရွေးချယ်ခြင်း အခမ်းအနားတက်ရောက်

တောင်ကြီး ဇွန် ၉

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံး တည်ဆောက်ရေးလုပ်ငန်း အိတ်ဖွင့်တင်ဒါအဆိုပြုလွှာ စိစစ်ရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တင်ဒါတင်သွင်းသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေက အဖွင့်အမှာစကားပြောကြားရာတွင် နောင်ချိုမြို့နယ်ရုံး (၆၄'×၄၈'× ၁၂'၆") RC (၁)ထပ် အဆောက်အဦဆောက်လုပ်နိုင်ရေးဖြစ်ကြောင်း၊ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအနေဖြင့် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် အရည်အသွေး စံချိန် စံညွှန်း ပြည်မီစွာနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် အလေးထားဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက တင်ဒါဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြပြီး တင်ဒါဝင်ရောက်ယှဉ်ပြိုင်မည့် ကုမ္ပဏီများက တစ်ဦးချင်းမိတ်ဆက်ကြသည်။ ဆက်လက်၍ Techanical Proposal, Price Proposal များအား ဖွင့်လှစ်စစ်ဆေးကြပြီး ပြည်နယ်ဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ထက်ဝေ(ပြန်/ဆက်)