ကလော ဇွန် ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ရက် (၁၀၀)အတွင်း နို့စားနွားမွေးမြူရေး ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ရေချိုကျေးရွာအုပ်စု၊ ဇောတိကျေးရွာတွင် မေထုန်မဲ့သားစပ်လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကလောမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာစုလျှမ်းထက်နှင့်ဝန်ထမ်းများက နိုးစားနွားမွေးမြူသူများနှင့်တွေ့ဆုံ၍ မေထုန်မဲ့သားစပ်ခြင်းကြောင့် မျိုးမြင့်မျိုးထိန်းနိုင်ခြင်း၊ မျိုးကောင်း၊ မျိုးသန့်များရရှိခြင်း၊ နို့ထွက်နှုန်းပိုမိုကောင်းမွန်ခြင်း၊ မျိုးကောင်းမျိုးသန့်ဖြစ်ခြင်းကြောင့် ရောဂါဒဏ်၊ ရာသီဥတုဒဏ်ခံနိုင်ခြင်း၊ သားစပ်ခြင်းကြောင့်ရောဂါကူးစပ်နိုင်သော အခြေအနေမရှိခြင်းစသည့် အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မေထုန်မဲ့သားစပ်လုပ်ငန်း ဆောင်ရွက်ခဲ့ကြသည်။
ကလောမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ရက်(၁၀၀)စီမံချက်အတွင်း တိရစ္ဆာန်ကူးစက်ရောဂါဆေးထိုးနှံခြင်း ၁၀၀% ပြီးစီးခြင်း၊ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှု(၁၀၀)% လျာထားချက်ပြည့်မီသွားပြီဖြစ်ကြောင်း၊ မေထုန်မဲ့သားစပ်လုပ်ငန်းဆောင်ရွက်မှု ၇၈% ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ကျော်ဝင်း(ကလော)