မကွေးမြို့၌ ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဆောင်ရွက်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ(မွန်းမံ) သင်တန်းဖွင့်ပွဲကျင်းပ

မကွေး ဇွန် ၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားထုတ်ကုန်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့်ဆောင်ရွက်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ(မွန်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးရုံး သင်တန်းခန်းမတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဆန်းညွန့်အောင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စုစုခိုင်က ဝင်ငွေတိုးစီမံကိန်းဖြင့် ဆောင်ရွက်မည့် သင်တန်းများနှင့် စပ်လျဉ်း၍ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းနည်းပြများနှင့် သင်တန်းသား၊သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက် စကားပြောကြားခဲ့ကာ လုပ်ငန်းသုံးပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး အဆိုပါသင်တန်းကို သင်တန်းနည်းပြ(၂)ဦးဖြင့် သင်တန်းသား/သင်တန်းသူ (၁၅)ဦးအား ဇွန်လ ၈ ရက်နေ့မှ စတင်၍ စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ထူးချွန်သင်တန်းသား(၅)ဦးအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)