ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် FAME Pharmaceuticals ဆေးဝါးစက်ရုံအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

အင်းစိန်  မေ  ၃၁

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ စက်မှုဇုန်ကော်မတီရုံး၊ ကနောင်ခန်းမတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စက်မှုဇုန်များမှဥက္ကဋ္ဌများနှင့် တာဝန် ရှိသူများအား တွေ့ဆုံပြီး စက်မှုဇုန်များမှဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ FAME Pharmaceuticals ဆေးဝါးစက်ရုံသို့ ရောက်ရှိ ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် FAME Pharmaceuticals ဆေးဝါးစက်ရုံ၏ Managing Director  ဒေါက်တာ ခင်မောင်လွင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် FAME Pharmaceuticals ဆေးဝါးစက်ရုံမှ ထုတ်လုပ်ထားသောထုတ်ကုန်(၁၀၇)မျိုးနှင့် စက်ရုံအတွင်းလုပ်ငန်းများ ထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)