ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် C.T.M.E အခမ်းအနားကျင်းပ

ကျိုင်းတုံ မေ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ် C.T.M.E အခမ်းအနားကို မေ ၂၃ ရက်က (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ (ကျိုင်းတုံ)၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) အဖွဲ့ဝင်-၂ ဦးမင်းညိုက အမှာစကားပြောကြားပြီး တာချီလိတ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အိအိမွန် နှင်းခူရောဂါအကြောင်း စာတမ်းဖတ်ကြားပြီး တက်ရောက်လာကြသည့် ကျိုင်းတုံခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနမှူး ဦးမင်းဟန်၊ ကျိုင်းတုံမြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးမြဖြူ၊ မိုင်းယောင်းမြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်သီတာအောင်၊ ကျိုင်းတုံတိုင်းရင်းဆေးရုံအုပ် ဦးမြင့်ခိုင်၊ ဒုတိယဆေးရုံအုပ် ဦးဆန်းလှိုင်နှင့် တက်ရောက်လာကြသူများက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်-၂ ဦးမင်းညိုနှင့် တာချီလိတ်မြို့ လင်းသုခတိုင်းရင်းဆေးကုခန်းနှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး ဆေးတိုက်မှ ဆရာဦးဇော်လင်းတို့က စာတမ်းရှင်အား ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)