မြောက်ဥက္ကလာပမြို့နယ်၌ ကမ္ဘာ့ကြက်ခြေနီ‌နေ့အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားနှင့် အခြေခံသင်တန်းဆင်းအောင်လက်မှတ် ပေးအပ်ပွဲပြုလုပ်

မြောက်ဥက္ကလာပ မေ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့၌ ၂၀၂၆ ခုနှစ်၊ မေ ၈ ရက်နေ့တွင်ကျရောက်ခဲ့သော ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားနှင့် အခြေခံသင်တန်းဆင်းအောင်လက်မှတ်ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီ‌‌နေ့အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွှန့်မှပေးပို့သော သ၀ဏ်လွှာအား မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုတိယဥက္ကဋ္ဌ ဦးစိုင်း၀ဏ္ဏက ဖတ်ကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေးနှင့် တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီအမှုဆောင် ဦးနေဆန်းတို့က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ခွဲမှူး အောင်ကျော်ကျော်က ကြက်ခြေနီတပ်ဖွဲ့နေ့ ဖြစ်ပေါ်လာရခြင်းများအား အကျယ်တ၀င့် ရှင်း‌‌လင်းပြောကြားပြီး မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမြသန်းက အခမ်းအနားကျင်းပရခြင်း နှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုအောင်လက်မှတ်နှင့် တပ်ဖွဲ့၀င်များအား စွမ်းဆောင်ရည်ဆု၊ သင်တန်းနည်းပြများနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများအား တာ၀န်ရှိသူများက အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မျိုးအောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးဟိန်း၊ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေးနှင့် တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ အမှုဆောင် ဦးနေဆန်း၊ မရမ်းကုန်းခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ခရိုင်ဥက္ကဋ္ဌ ဦးတင်ကြိုင်၊မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမြသန်းနှင့် အခြားအဆင့်တပ်ဖွဲ့၀င်များ၊ ဖိတ်ကြားထားသာ ဧည့်သည့်တော်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)