ဘားအံ မေ ၂၄
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၅) (၅/၂၀၂၆) သို့ တက်ရောက်ရန် ဘားအံမြို့၊ နယ်မြေခံသင်တန်းကျောင်း တွင်ရောက်ရှိနေသော ကရင်ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား မေလ ၂၃ ရက်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်အရာရှိများနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းသားများအနေဖြင့် သင်တန်းကျောင်းမှ သင်ကြားပေးသော စစ်ပညာရပ်များကို ကြိုးစားသင်ယူပြီး စိတ်ဓာတ်စွမ်းရည်၊ စည်းကမ်းစွမ်းရည်၊ လေ့ကျင့်ရေးစွမ်းရည် ပြည့်ဝသည့်နိုင်ငံ့သားကောင်းများဖြစ်အောင် အားထုတ်ဆောင်ရွက်ပေးကြဖို့ မှာကြားလိုကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတွင် အဓိကတာဝန်ရှိသော တပ်မတော်ကို ပြည်သူများအနေဖြင့် ပူးပေါင်းကူညီရမည်ဖြစ်သကဲ့သို့ ဒို့တာဝန်အရေး (၃) ပါးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူတို့မှ အတူတကွပူးပေါင်း၍ နိုင်ငံတော်အပေါ်သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၅) (၅/၂၀၂၆) သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၅) (၅/၂၀၂၆) သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအား တစ်ဦးချင်း ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိးရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)