သီပေါ မေ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမိတက်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ပထမနှစ်ဝက် စုဆောင်းငွေအပေါ် အတိုးပေးအပ်ခြင်းနှင့် ပလတ်စတစ်ထိုင်ခုံများပေးအပ်လှူဒါန်းပွဲအခမ်းအနားကို အဆိုပါအသင်းရုံးခန်းမတွင် ယမန်နေ့ညနေ(၄)နာရီက ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကောင်းသက်စံကအမှာစကားပြောကြားခဲ့ပြီး အသင်းဥက္ကဋ္ဌ ဦးတင်မောင်မောင်က အသင်း၏ လုပ်ငန်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေ အနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရတနာဝင်းက ဝန်ထမ်းများအတွက်လည်း များစွာအထောက်အကူဖြစ်သည့်အတွက် ဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်၏ လုပ်ငန်းများကိုများစွာ ဂုဏ်ယူကျေနပ်အားရမိပါကြောင်း၊ အမှုဆောင်ဒါရိုက်တာများအနေဖြင့်လည်း လုပ်ငန်းပိုမိုတိုးတက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အတွက် မြို့နယ်အတွင်းရှိ ဝန်ထမ်းအသင်းသားများ ကိုယ်စားများစွာ ကျေးဇူးတင်ရှိပါကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက်အသင်းဥက္ကဋ္ဌ ဦးတင်မောင်မောင်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပထမနှစ်ဝက်အတွက် အသင်းသားများ၏ စုဆောင်းငွေအပေါ်အတိုးများပေးအပ်ခြင်း၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရတနာဝင်းက ပလတ်စတစ်ထိုင်ခုံအလုံး (၁၀၀) ပေးအပ်လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူအသီးသီးက လက်ခံရယူခဲ့ကြကြောင်းနှင့် စုဆောင်းငွေအပေါ် အတိုး စုစုပေါင်း ငွေကျပ် သိန်း (၃၅၀)၊ ထိုင်ခုံ (၁၀၀) လုံးတန်ဖိုးမှာ ငွေကျပ် (၃၃) သိန်းခန့်ဖြစ်ကြောင်း၊ သီပေါမြို့နယ်ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်တွင် မြို့နယ်အတွင်းရှိ အသင်းသား ဝန်ထမ်း (၁၆၂၀) ဦးရှိပြီး၊ အသင်းသားများ၏လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးများကို တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း အသင်းအမှုဆောင် ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)