ကော့မှူး မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ကညင်ငူကျေးရွာအုပ်စု၊ ရွာဦးဘုန်းတော်ကြီးကျောင်းဓမ္မရုံ၌ ကျေးရွာနေပြည်သူများအား တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းက နိုင်ငံတော်အစိုးရသစ် ရက်(၁၀၀)လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ လုံခြုံရေးစစ်ကြောင်းမှူး ဗိုလ်မှူးဖြိုးဝေဦးမှ ရပ်ရွာလုံခြုံရေးဆောင်ရွက်ပေးမှုအခြေအနေများ၊ အတွင်းရေးမှူး ရဲမှူးမောင်မောင်လွင်မှ ရပ်ရွာအေးချမ်းသာယာရေးကိစ္စရပ်များ၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးသက်ပိုင်ဇော်မှ တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ၊မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးပြည့်ဖြိုးအောင်မှ မီးဘေးနှင့်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကိစ္စရပ်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်မြတ်မှ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းနှင့် စစ်မှုထမ်းဆင့်ခေါ်ခြင်းဆိုင်ရာ ကိစ္စများအား အသိပညာပေးဆွေးနွေးပြောကြားကြခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာသူ/ကျေးရွာသားများမှ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများအား ဆွေးနွေးတင်ပြကြရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသက်နိုင်၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာမိုးဆမ်းပန်း၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးမြတ်သူဇာ၊ မြို့နယ်သစ်တောဌာနမှ တောခေါင်းဦးသိန်းသိန်းနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)