တန့်ယန်း မေ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံးစတင်၍ ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင် စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရန် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင် နှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်ပြည်သူများ စုပေါင်းကာ မေလ ၂၃ ရက်နေ့နံနက် ၈ နာရီက နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အမှတ်(၇) အခြေခံပညာမူလတန်းလွန်ကျောင်းတို့၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။
စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်တင်ထွန်းအောင်နှင့် အရာရှိကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်ပြည်သူများ စုစုပေါင်းအင်အား (၃၇၅) ဦးခန့်က ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)