နမ့်စန်(တ) မေ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော Football For School Program အရပြုလုပ်သည့် ဘောလုံး၊ မြန်မာ့သိုင်း၊ လက်ဝှေ့နှင့် စစ်တုရင်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲက အမှတ် (၅) ရပ်ကွက်ရှိ မြို့နယ်ကျောက်တိုင် အားကစားကွင်းတွင်ကျင်းပခဲ့ရာ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် စွမ်းလှိုင်မင်း၊ ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်က သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။
ထို့နောက် နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ်စွမ်းလှိုင်မင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းတို့က သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ရာ သက်ဆိုင်ရာ အားကစားနည်းအလိုက် နည်းပြများက လက်ခံရယူခဲ့သည်။
ဆက်လက်၍ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သောင်းဝင်းနှင့် ခရိုင်လဝကဦးစီးမှူး ဦးအောင်ဇော်ထွန်းတို့က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားခေါင်းဆောင်များက လက်ခံရယူခဲ့ကြသည်။
အဆိုပါ ဘောလုံး၊ မြန်မာ့သိုင်း၊ လက်ဝှေ့နှင့် စစ်တုရင် သင်တန်းကို မေလ ၄ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နမ့်စန်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ သင်တန်သား သင်တန်းသူ (၂၀၀) ဦးတက်ရောက်ခဲ့ကြောင်း မြို့နယ်အားကစားမှူး ဦးစောနိုင်ဝင်းထံမှ သိရသည်။
သူရအောင်(နမ့်စန်)