မိုင်းရယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအား ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများပေးအပ်

မိုင်းရယ် မေ ၂၄

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(လားရှိးခရိုင်ဘဏ်ခွဲ)မှ မိုင်းရယ်မြို့နယ်ရှိ တောင်သူများအား ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ ပေးအပ်ခြင်း အခမ်းအနားကို မေလ (၂၂) ရက်နေ့ နံနက် ၁၀ နာရီက၊ မိုင်းရယ်မြို့၊ နမ့်ရယ်ခန်းမ၌ ပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ညွန့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းကော်၊ မြိုနယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (လားရှိးခရိုင် ဘဏ်ခွဲ)မှ မန်နေဂျာ ဦးစန်းနိုင်မြင့်နှင့် ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ တောင်သူများ တက်ရောက်ကြသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က တောင်သူများအား စိုက်ပျိုးစရိတ်‌ ချေးငွေထုတ်ချေးခြင်းဆိုင်ရာ အမှာစကားများကို အသီးသီးပြောကြားကြပြီး စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများ လက်ဝယ်ထံသို့ ပေးအပ်သည်။

အဆိုပါ ချေးငွေထုတ်ချေးရာတွင် ရပ်ကွက်(၁)၊ ရပ်ကွက်(၃)၊ လုတ်ခိုက်၊ နားဖျိုင်း၊ ဟိုယ၊ လွယ်ငင်း၊ မန်ကျောင်းပန်ရှင်၊ ကောင်းမောင်နှင့် ခိုဆိုင်းကျေးရွာအုပ်စုတို့မှ တောင်သူ (၃၅၁)ဦးတို့ကို စပါးတစ်ဧကလျှင် (၃၀၀,၀၀၀) ကျပ်နှုန်း၊ ပြောင်း တစ်ဧကလျှင် (၂၅၀,၀၀၀) ကျပ်နှုန်း စုစုပေါင်း (၄၆၄,၈၀၀,၀၀၀) ကျပ်ကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မိုင်းရယ် (ပြန်/ဆက်)