မိုးနဲမြို့နယ်၌ အလယ်တန်းအဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်

မိုးနဲ မေ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ပညာရေးမှူးမှ ကြီးမှူးကျင်းပသည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အလယ်တန်းအဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က အခြေခံပညာ အထက် တန်းကျောင်း ပုလဲဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက ပညာရေးတေးသီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ပေးခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်နီလာက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို နည်းပြသုံးဦးက သင်တန်းသား ၁၇ ဦးအား မေ ၂၆ ရက်နေ့အထိ ငါးရက်ကြား စက်မှု၊ စိုက်ပျိုး မွေးမြူ‌ရေးဆိုင်ရာ ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)