မုံရွာ မေ ၂၄
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးသည် ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနသို့ ရောက်ရှိပြီး အဆိုပါရုံးရှိ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသုံးယာဉ်/ စက်များ ထိန်းသိမ်းထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးသည် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းထွဋ်ဦး နှင့် တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားများပြောကြားပြီး တာဝန်ရှိသူများမှ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသုံးယာဉ်/ စက်များ၊ ခေတ်မီဂြိုလ်တု ဆက်သွယ်ရေးစက်၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသုံး ဝတ်စုံများနှင့် ဆက်စပ်ပစ္စည်းများလုံလောက်စွာ ထိန်းသိမ်းထားရှိမှုတို့အား ရှင်းလင်းတင်ပြမှုများကို တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး အဆိုပါရုံး စစ်ရေးပြကွင်းတွင် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၏ Brave Heart လေ့ကျင့်ရေးစင်နှင့် မျှော်စင်တို့၌ ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်နေမှုတို့အား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက Command and Control Centre မှ တိုင်းဒေသကြီးအတွင်း မီးဘေးနှင့်သဘာဝဘေး သတင်းများ အချိန်နှင့်တစ်ပြေးညီရရှိနိုင်ရေး စောင့်ကြပ်ကြည့်ရှုနေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် လက်ထောက်မီးသတ်ဦးစီးမှူးမှ ဒုမီးသတ်ဦးစီးမှူးရာထူးသို့ တိုးမြှင့်ခြင်းခံရသူ တပ်ဖွဲ့ဝင် (၃) ဦးအား ရာထူးအဆင့်တံဆိပ်များကို တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)