ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦး ပုသိမ်မြို့ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး

ပုသိမ် မေ ၂၄

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးသည် ယမန်နေ့ နံနက်ပိုင်း၌ ပုသိမ်မြို့ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ စည်ပင်သာယာရေးဝန်ကြီးသည် ပုသိမ်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ၊ ပြည်သူများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား အမှိုက်များစနစ်တကျ စွန့်ပစ်စေရေးနှင့်ပတ်ဝန်းကျင် သန့်ရှင်းမှုရှိစေရေး၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် စနစ်တကျဆောင်ရွက်ရေး၊ ခြင်များ ပေါက်ဖွားနိုင်သည့် နေရာများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းများကို ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ခြုံနွယ်များစနစ်တကျရှင်းလင်းစေရေးနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေးကိုလည်း အလေးထား လိုက်နာဆောင်ရွက်သွားရန်မှာကြားသည်။

ထို့နောက် ပုသိမ်မြို့ ဇီဇဝါလမ်းနှင့် ထုံးဘိုလမ်းများရှိ ရေနုတ်မြောင်းများ ရေစီးရေလာကောင်မွန်ရေး မြောင်းဖော်ထုတ်ရှင်းလင်းနေမှုများ၊ ရက်(၁၀၀)စီမံချက်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ပုသိမ်မြို့ဝင်ဆိုင်းဘုတ်ရှေ့ မြေယာရှုခင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ပြီး စည်ပင်သာယာရေးဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များ၊ ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လမ်းဘေးဝဲယာများတွင် အိမ်၊ လမ်း၊ ရွာ၊ ကျောင်း သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)