ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပဲခူး မေ ၂၄

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မေလ ၂၂ ရက်နေ့က ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပဲခူးမြို့နယ်၊ ကင်းပိုင်ကျုံကျေးရွာအုပ်စု၌ ရေကြီးရေနက်ကွင်းမှ လယ်မြေများအား ရေတော်မိုးတော်လယ်မြေအဖြစ် မိုးရာသီအမီ မိုးစပါးစိုက်ပျိုးနိုင်ရေး ရက် ၁၀၀ စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကင်းပိုင်ကျုံရိုး အရှည်ပေ ၃၅၀၀ တူးဖော်နေမှု ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ 

၎င်းနောက် အခြေခံပညာအလယ်တန်းကျောင်း(ကင်းပိုင်ကျုံ) ကျောင်းဆောင်တိုးချဲ့တည်ဆောက်မည့် မြေနေရာသို့ ရောက်ရှိခဲ့ပြီး အခြေခံပညာအလယ်တန်းကျောင်းတည်ဆောက်ရန် သတ်မှတ်ထားသည့် မြေဧကအတိုင်း ပြည့်ဝစွာရရှိရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသားနှင့် ကျောင်းဆောင် လိုအပ်ချက်အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကာ ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကင်းပိုင်ကျုံကျေးရွာ ကမ်းပြိုမှုကာကွယ်ရေး ရေလွှဲကာတည်ဆောက်မည့်နေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။ 

၎င်းနောက် ကမ်းနီကျေးရွာအုပ်စု၌ ရေကြီးရေနက်ကွင်းမှ လယ်မြေများအား ရေတော်မိုးတော်လယ်မြေအဖြစ် မိုးရာသီအမီ မိုးစပါးစိုက်ပျိုးနိုင်ရေး ရက် ၁၀၀ စီမံချက်ဖြင့် ဆောင်ရွက် လျက်ရှိသည့် ဦးထောင်ဘိုးရိုး အရှည်ပေ ၄၅၀၀ ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကာ ကမ်းနီကျေးရွာ ရွာတွင်းလမ်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကျောက်တန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ကျောင်းနေရွယ်ကလေးများ ကျောင်းအပ်နှံရေး၊ ကျောင်းနေမြဲရေးနှင့် ကျောင်းထွက်နှုန်းလျော့ကျစေရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် ပဲခူးမြို့နယ်၊ ဘူးလယ်အင်းကျေးရွာ အုပ်စု၊ မေတ္တာမြေကုမ္ပဏီလီမိတက်၏ အုပ်ကြွပ်မိုးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လုပ်ငန်းရှင် ဦးဝေဇင်အောင်မှ အုပ်ကြွပ်မိုးလုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်အား လိုက်လံရှင်းလင်းပြသခဲ့ရာ ဒေသထွက်ကုန်ကြမ်းပစ္စည်းဖြင့် ဆောင်ရွက်ရသည့်အတွက် ပေါ့ပါးခိုင်ခန့်ပြီး သယ်ယူရလွယ်ကူသည့် အုပ်ကြွပ်မိုးများ စမ်းသစ်တီထွင်ထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ရရှိရေးတို့အား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)