ဆိပ်ကြီးခနောင်တို မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တွံတေးတူးမြောင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် ဆိပ်ကြီးအနောက်၊ ခနောင်တိုအရှေ့နှင့် သခင်ဘသောင်းရပ်ကွက်တို့တွင် တွံတေးတူးမြောင်းပိုင်မြေနေရာရှိ အဆောက်အဦနှင့် မြေနေရာများအတွက် နစ်နာကြေးပေးအပ်ခြင်းကို မေလ ၂၂ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်လှိုင်က အမှာစကားပြောကြားသည်။ ထို့နောက် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တွံတေးတူးမြောင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် ဆိပ်ကြီးအနောက်၊ ခနောင်တိုအရှေ့နှင့် သခင်ဘသောင်းရပ်ကွက်တို့တွင် တွံတေးတူးမြောင်းပိုင်မြေနေရာရှိ အဆောက်အဦနှင့် မြေနေရာများအတွက် ရပ်ကွက်နေပြည်သူ ၁၅ ဦးထံ နစ်နာကြေးများအား တစ်ဦးချင်းစီ စနစ်တကျပေးအပ်ခဲ့သည်။
အဆိုပါ နစ်နာကြေးပေးအပ်ပွဲသို့ စီမံကိန်းဒါရိုက်တာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်လွင်၊ ညွှန်ကြားရေးမှူး ဦးတိုးအောင်လင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထိုက်ထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မြေယာလျော်ကြေး/နစ်နာ ကြေးပေးအပ်ရေးအဖွဲ့နှင့် တွံတေးတူးမြောင်းပိုင် မြေနေရာရှိ နစ်နာကြေးလက်ခံမည့်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝေယံ (ပြန်/ဆက်)