ကဝမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ကဝ မေ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှု လုပ်ငန်းဦးစီးဌာနမှ အသေးစားစက်မှုထုတ်ကုန်များ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးရေးစီမံကိန်းမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို မေလ (၂၂) ရက်နေ့နံနက် (၉) နာရီအချိန်က ကဝမြို့နယ် ကမ်းနားကျောင်း ကျောင်းတိုက်၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းနန္ဒာလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုမင်းက သင်တန်းတက်ရောက်လာသော သင်တန်းသားများအား အလုပ်အကိုင် အခွင့်အလမ်းများနှင့် မိသားစုတစ်ပိုင်တစ်နိုင် စားဝတ်နေရေး အထောက်အကူပြုစေရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းသို့ သင်တန်းသား (၂၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မေလ (၂၂) ရက်နေ့မှ ဇွန်လ (၂၂) ရက်နေ့ထိ (၃၀)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲဇော်ဟိန်း(ပြန်/ဆက်)