ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု

ဒဂုံဆိပ်ကမ်း မေ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ​အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ၊ ချောင်းများနှင့် မြစ်ထွက် ပေါက်များအားရှင်းလင်းခြင်း၊ အမှိုက်များဆယ်ယူခြင်းနှင့် စက်ယန္တရားကြီးများဖြင့် တူးဖော်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးအောင်နိုင်သူနှင့်အဖွဲ့ဝင်များ ကွင်းဆင်း​ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းကြည့်ရှုရာတွင် အမှတ် ၅၈ ရပ်ကွက် ဧရာဝဏ်လမ်းနှင့် ကွမ်းအပ်မင်းသားလမ်းရှိ ရေနုတ်မြောင်းနှင့် အမှတ်(၁၆၈၊ ၈၉)ရပ်ကွက်၊ ကျန်စစ်သားလမ်းမဘေးရှိ ဦးတရုတ်ချောင်းအတွင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှု၊ မြစ်ထွက်ပေါက် ရေနုတ်မြောင်း တူးဖော်နေမှုနှင့် ပြီးစီးမှုအခြေအနေများအား တာဝန်ရှိသူများက ရှင်းတင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့ဝင်များက ကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့ကြသည်။

အဆိုပါကွင်းဆင်းကြည့်ရှုရာသို့ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ​ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ အသီးသီးလိုက်ပါ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးစန္ဒာ(ဆိပ်ကမ်း)