တွံတေးမြို့နယ်တွင် ဇီဝလုံခြုံမှုအစီအမံကို အကောင်အထည်ဖော်၍ ရေချိုပုစွန်တုပ်ကြီးသားဖောက်ခြင်းနှင့် အသားတိုးမွေးမြူခြင်း အခြေခံသင်တန်းဖွင့်လှစ်

တွံတေး မေ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ငါးလုပ်ငန်းသိပ္ပံ(တွံတေး) ကျောင်း၌ ဇီဝလုံခြုံမှုအစီအမံကို အကောင်အထည်ဖော်၍ ရေချိုပုစွန်တုပ်ကြီးသားဖောက်ခြင်းနှင့် အသားတိုးမွေးမြူခြင်း အခြေခံသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါ ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက အမှာစကားပြောကြားရာတွင် မဲခေါင်-လန်ချန် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ ၂၀၂၅ အစီအစဥ်ဖြင့် ကျင်းပပြုလုပ်သည့် ဇီဝလုံခြုံမှုအစီအမံကို အကောင်အထည်ဖော်၍ ရေချိုပုစွန်တုပ်ကြီးသားဖောက်ခြင်းနှင့် အသားတိုးမွေးမြူခြင်း အခြေခံသင်တန်းဖြစ်ပြီး နိုင်တော်အစိုးရက ချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်နှင့်အညီ စားရေ ရိက္ခါဖူလုံရေး၊ လူတစ်ဦးချင်းဝင်ငွေ တိုးတက်ရေးနှင့် ဒေသအချင်းချင်းကြား ဆင်းရဲချမ်းသာကွာဟမှု ကျဥ်းမြောင်းရေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ငါး/ ပုစွန်မွေးမြူရေးသမားများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ငါးလုပ်ငန်းဦးစီးဌာနနှင့် ပြင်ပနည်းပညာရှင်များအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့သည်။ ယင်းနောက် စီမံကိန်းတာဝန်ခံ ဒေါက်တာအောင်နိုင်ဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့် နည်းပြများ၊ ပြင်ပပညာရှင်များ သင်တန်းသား၊ သင်တန်းသူများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ပြင်ပ ပညာရှင် ဒေါက်တာခင်မောင်စိုး၊ ငါလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြမြဆင့်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲဝင်းဦး၊ ပြင်ပပညာ​ရှင်ဦးထွန်းမြင့်ဦး​နှင့် ငါးလုပ်ငန်းဦးစီးဌာနမှ နည်းပညာရှင်များက ရေချိုပုစွန်တုပ်ကြီးသားဖောက်ခြင်း၊ ဇီဝလုံခြုံမှု၊ အသားတိုးမွေးမြူခြင်း၊ အရည်အသွေးထိန်းသိမ်းခြင်း၊ ရေချိုပုစွန် တုပ်ကြီးသားပေါက်ပျိုးခြင်းများကို သင်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။ ​

တွံတေးမြို့နယ်အတွင်းရှိ ပုစွန်မွေးမြူသူတောင်သူ (၅၃) ဦးတက်ရောက်ခဲ့သည်။ မေလ ၂၄ ရက်နေ့တွင် သင်တန်းသားများအား လေ့လာရေးခရီစဥ်အဖြစ် ကျောက်တန်းပုစွန်သား ဖောက်ရုံနှင့် တွံတေးငါးလုပ်ငန်းစခန်းတွင် အသားတိုးမွေးမြူနေမှုကို လက်တွေ့ကွင်းဆင်း ကြည့်ရှုကြမည်ဖြစ်ကြောင်း သိရသည်။

ယခုသင်တန်းမှ စီမံကိန်းရလဒ်အနေဖြင့် ရေချိုပုစွန်တုပ်ကြီးနည်းပညာဆိုင်ရာ အသိပညာရှင်နှင့် ကျွမ်းကျင်မှုများမြှင့်တင်ရေး၊ ရေချိုပုစွန်သားဖောက်များ အမြောက်အများထွတ်ရှိရေး၊ အဆိုပါမျိုးစိတ်အား ပျိုးကန်တွင်ပျိုးခြင်းနှင့် အသားတိုးမွေးမြူခြင်းတို့အား ဆောင်ရွက် တတ်စေရေး၊ အကောင်းဆုံးမွေးမြူသည့် အလေ့အကျင့်ကို မွေးမြူခြင်းဖြင့် ဝင်ငွေတိုးပွားစေရေးတို့အတွက် ပုစွန်မွေးမြူတောင်သူများ နည်းလမ်းကောင်းများ ရရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်များမှ မြို့နယ်ဦးစီးမှူးများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မျိုးလှိုင် တွံတေး