တပ်ကုန်း မေ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ရက်(၁၀၀ )စီမံ ချက်ဖြင့် မိုးနေကြာဆင်းရွှေကြာ-၂ မျိုးစေ့ထုတ်(Recurrent Mass Selection)နေကြာမျိုး မြှင့် တင်ရေး ဧက ၂၀အတွက် မျိုးစေ့များပေးအပ်ခြင်းကို မေ ၂၂ရက် မွန်းလွဲ ၃နာရီက ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ထိုမျိုးစေ့ပေးအပ်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအေးမင်းထွန်းက ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာနှစ် ဆီထွက်သီးနှံစုံလျာထားဧက ၅၇၈၂၅ အနက်၊ နေကြာသီးနှံ ၂၆၅၂ ဧကလျာထားစိုက် ပျိုးအကောင်အထည်ဖော်ဆောင်ရွက်သွားရေး၊ ဌာနအနေမှ မိုးနေကြာမျိုးစေ့ထုတ် (Recurrent Mass Selection) နေကြာမျိုးမြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အကဲဖြတ်ရွေးချယ်ရမည့်အချက်များဖြင့် ပင်စည်တုတ်ခိုင်မှုမရှိသော၊ အပင်ပုသော၊ အပွင့်သေးသော၊ ကိုင်းဖြာသော မျိုးများအား ပန်းပွင့်ချိန်မတိုင်မီ နုတ်ပယ်ရေး၊ ရိတ် သိမ်းချိန်တွင် ပင်စည်ရိုးတံတုတ်ခိုင်သော၊ အပင်ငိုက်၍ ဂုတ်တောင့်သော၊ ရောဂါကင်းစင်သော၊ အပွင့်အချင်း ၆ လက်မနှင့်အထက်ရှိသော အပွင့်များအား ရွေးချယ်ရေး၊ အပွင့်ကော့၍ အပွင့်အလယ်ထိ အဆံပြည့်သော အပွင့်များအား ရွေးချယ်ရေး၊ ရွေးချယ်ရရှိသော အပွင့်များအား စုပေါင်းသိမ်းဆည်းကာ နောက်ရာသီတွင် မျိုးအဖြစ်ဆက်လက်အသုံးပြုရေး အစရှိသည့်နေကြာမျိုးမြှင့်တင်ခြင်းနည်းပညာတို့ကို ဆွေးနွေးပြီးနောက် တောင်သူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ပြန်လည်ဖြေကြားပေးခဲ့ပြီး မိုးနေကြာ(ဆင်းရွှေကြာ-၂) မျိုးစေ့ ထုတ် စိုက်ပျိုးမည့် တောင်သူ ၁ဝ ဦးအား စိုက်ဧက ၂ဝအတွက် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။
တင်စိုးလွင်