သရက်မြို့၌ လူငယ်အသိပညာပေး ဟောပြော

သရက်    မေ     ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၌ လူငယ်အသိပညာပေး ဟောပြောပွဲကို တံခွန် ဘော်ဒါရှိ ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်အသိပညာပေး ဟောပြောပွဲကို မေ ၂၂ ရက် နံနက် ၁၀ နာရီက စာသင်ဆောင်ခန်းမတွင် ကျင်းပသည်။

ဟောပြောပွဲတွင် သရက်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်က “အောင်မြင်ချင်လျှင် ကိုယ်တိုင်ကြိုးစားရမည်” ခေါင်းစဉ်ဖြင့် လူငယ်များကို အသိပညာပေး ဟောပြောပြီး၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဟန်သီရိအောင်က “ပလပ်စတစ်အကြောင်း သိကောင်းစရာများ” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ထက်နန္ဒာထွန်းက “ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့” (A Global Call For Climate Action) ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးအသိပညာပေး ဟောပြောဆွေးနွေးကြသည်။

ထို့နောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား “ပလပ်စတစ်အိတ်ကိုအသုံးပြုမှုကို လျှော့ချ၍ ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုမရှိစေသော နည်းလမ်း များဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြပါစို့” အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာများ အသိပညာပေး နံရံကပ်ဓာတ်ပုံ၊ ပိုစတာများ ပြသပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)