တောင်ကြီး မေ ၂၃
ရှမ်းပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေသည် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မေ(၂၂)ရက် နံနက်ပိုင်းက အိမ်တွင်းစက်မှု လက်မှုလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၆-၂၀၂၇)သို့ တက်ရောက်ပြီး ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးက အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းများကို မှတ်ပုံတင်ပေးခြင်းသည် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဦးစီးဌာနအနေဖြင့် မှတ်ပုံတင်လုပ်ငန်းအသစ်များ တိုးပွားလာစေရေးနှင့် ပေါ်ပေါက်လာစေရေးတို့ကို ဆောင်ရွက်သည့်အပြင် မှတ်ပုံတင်ပြီးလုပ်ငန်းများ၏ အခက်အခဲများကို ဖြေရှင်းပေးစေလိုကြောင်း ပြောကြားသည်။ ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက လုပ်ငန်းမှတ်ပုံတင်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ကော်မတီဝင်များက အထွေထွေဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ တင်ပြထားသည့် လုပ်ငန်းမှတ်ပုံတင်များအား အတည်ပြုပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သုတေသနနှင့် ဓာတ်ခွဲခန်း (Chemical Lab Micro Lab)အားလည်းကောင်း၊ ယက္ကန်းသင်တန်းကျောင်းတွင် သင်တန်းသား/သင်တန်းသူများ၏ စက်ယက္ကန်း၊ လက်ယက္ကန်း ဆောင်ရွက်မှုတို့ကို ကြည့်ရှုအားပေး၍ သင်တန်းကျောင်း ကျောင်းအုပ်ကြီးအား လိုအပ်သည်များမှာကြားကာ သင်တန်းကျောင်းအတွက် ပံ့ပိုးငွေများ ပေးအပ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်၊ အေးသာယာ စက်မှုဇုန်အတွင်းရှိ တော်ဝင်-TGI ကုမ္ပဏီလီမိတက်၏ အင်းလေးချည်ဆေးဆိုးပန်းရိုက်လုပ်ငန်း နေရာသို့လည်းကောင်း၊ အထည်ချုပ်စက်ရုံသို့လည်းကောင်း၊ စုတ်ဖွားရွက်ဖျန်းမြေဩဇာ ထုတ်လုပ်သည့် စက်ရုံသို့လည်းကောင်း၊ ဟဲဟိုမြို့၊ ဝါးရုံပင်ကျေးရွာရှိ စုတ်ဖွားရွက်ဖျန်းမြေဩဇာပိုင် Beet root ခေါ် သကြားမုန်လာဥ(နယ်သာလန်မျိုး) စိုက်ခင်း၊ မုန်လာဥဖြူ(ဂျပန်မျိုး)စိုက်ခင်းနှင့် ဂျပန်ပဲပုပ်စိုက်ခင်းတို့တွင် အစက်ချရေရေပေးစနစ်နှင့် ဆိုလာရေပေးစနစ်ဖြင့် စမ်းသပ် စိုက်ပျိုး ထားမှုကိုလည်းကောင်း လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်အား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ များ၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်ရှိ အာလူးတန်(၇၀၀)ဆံ့သည့် ရှမ်းထိပ်တန်းအာလူးအအေးခန်းသို့လည်းကောင်း၊ သာမိုင်းခမ်းကျေးရွာရှိ ရွှေရှမ်းဖြူ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူးကြော်ထုတ်လုပ်သည့် လုပ်ငန်းနေရာသို့ လည်းကောင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
ထက်ဝေ(ပြန်/ဆက်)