ညောင်ရွှေ မေ ၂၃
ဒေသတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ ဒေသအတွင်းဖွံ့ဖြိုးတိုးတက် လာစေရန်၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးမွေးမြူရေး အစရှိသည့် ကျေးလက်နေ တောင်သူများ၏လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဦးဆောင်သည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို မေ(၂၂) ရက် နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ လက်မောင်းကွေးကျေးရွာအုပ်စု၊ ကျောက်ငှက်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်စွာလင်းက ကွင်းဆင်းဆောင်ရွက်ရခြင်းရည်ရွယ်ချက်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေ မှုကို ရှင်းလင်းပြောကြားပြီးနောက် ဌာနဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံတိုင်းရင်းသားပြည်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများက မိမိတို့ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားသည်။
တွေ့ဆုံပွဲအပြီးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကျေးရွာအတွင်းရှိ ရေတွင်းရေကန်များ၌ ခြင်ပုန်းခြင်ကျားများ ပေါက်ပွားမှုမရှိစေရေးအတွက် ဆေးခတ်ခြင်းကို တစ်အိမ်ဝင်ထွက်ဆောင်ရွက်ခဲ့ပြီး ပြည်သူကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်စစ်ထွန်း ဦးဆောင်သည့် တာဝန်ရှိသူများက ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ