ရွှေပြည်သာ မေ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ဒီမိုကရေစီစနစ်၏ အင်္ဂါရပ်များနှင့်အညီ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအကြား တိုက်ရိုက်ထိတွေ့ ဆွေးနွေးခွင့်ရရှိစေရန်နှင့် ပြည်သူ့အသံကိုအခြေခံပြီး ပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်နိုင်စေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဥပဒေစိုးမိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)ကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်သာသနာ့ ဗိမာန်တော်ကြီးတွင် ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဌာနများနှင့် ဒေသခံပြည်သူများ အကြား နားလည်မှုရှိရှိ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုကြောင်း ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေမွန်ထွဋ်က ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဇော်နိုင်ဦး မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်တင်မို့မို့အေး မြို့နယ်ဥပဒေအရာရှိ ဒေါ်ယွန်းမီမီသက်တို့က ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဥပဒေစိုးမိုးရေးခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ရပ်ကွက်၊ကျေးရွာများမှ ဒေသခံပြည်သူများ ဌာနဆိုင်ရာများ စုစုပေါင်းအင်အား ၂၉၀ ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာကြသော ဒေသခံပြည်သူများက ပညာရေး၊ ကျန်းမာရေးနှင့် လမ်း၊ တံတားလိုအပ်ချက်များနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဖြေကြားမှုအပေါ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ပြသထားသော သုတ/ရသ စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ် စာစောင်များကို လှည့်လည်ကြည့်ရူကြကြောင်း သိရသည်။
နေမျိုးထွန်း (ပြန်/ဆက်)