ဒေးဒရဲ မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူများ ပညာသင်အခွင့်အလမ်းများ ပိုမိုရရှိစေရန် ရည်ရွယ်၍ အခြေခံပညာအလယ်တန်းအဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်ဆိုင်ရာများ ဆွေးနွေးပွဲ အခမ်းအနားကို မေ ၂၂ ရက် နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးထိန်လင်းက သင်တန်းဆိုင်ရာ စည်းကမ်းချက်များ ရှင်းလင်းခြင်း၊ အစိုးရစက်မှု၊ လက်မှုသိပ္ပံ(ကျိုက်လတ်) ကျောင်းအုပ်ဆရာကြီး ဒေါက်တာအောင်ဟိန်းလတ်က စက်မှုဆိုင်ရာ ဘာသာရပ်အားလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇင်မောင်မောင်က စိုက်ပျိုးရေးဘာသာရပ်နှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ လက်ထောက်ကြီးကြပ်ရေးမှူး ဒေါ်မေသဇင်ထက်က မွေးမြူရေးဘာသာရပ်အား ရှင်းလင်းဟောပြောသည်။
အဆိုပါ ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲအား ၂၀၂၆ ခုနှစ်၊ မေ (၂၂) ရက်မှ (၂၆) ရက်အထိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်ဆိုင်ရာများအား သင်တန်းနည်းပြ (၉) ဦးက ဆွေးနွေးပို့ချသွားမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်းသင် ဆရာ၊ ဆရာမ (၁၀၉)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
အေဇာလင်း