ဒေးဒရဲ မေ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သုတ၊ ရသစာအုပ်စာစောင်များအား စနစ်တကျ ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ အခြေခံစာကြည့်တိုက်ပညာသင်တန်းအား ယနေ့နံနက် (၁၀)နာရီက ဒေးဒရဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးထိန်လင်းက ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျောင်းစာကြည့်တိုက်များရှိ သုတ၊ ရသ စာအုပ်စာစောင်များအား ဖွင့်လှစ်ငှားရမ်းနိုင်ရေး ယခုသင်တန်းက ပို့ချသည့် အချက်အလက်များအား မှတ်သား၍ မိမိကျောင်းများတွင် စနစ်တကျ စာရင်းသွင်း ထိန်းသိမ်းသွားကြရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများနှင့် ပို့ချဆွေးနွေးပေးသွားမည့် ဘာသာရပ်များအား ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က စာကြည့်တိုက်ပညာရပ်များ၊ သုတစာပေများခွဲခြားခြင်း၊ မျိုးတူစုပြုခြင်း၊ စာအုပ်ငှားရမ်းခြင်း စသည့် စာကြည့်တိုက်မှူးများ သိရှိရမည့် အချက်အလက်များအား သင်ကြားပို့ချပေးလျက်ရှိရာ ကျေးရွာကျောင်းစာကြည့်တိုက်များက တာဝန်ခံဆရာ၊ ဆရာမများ တက်ရောက်လေ့လာလျက်ရှိကြောင်း သိရသည်။
အေဇာလင်း