ကျောက်ကြီးမြို့နယ်၌ အခြေခံပညာအလယ်တန်းအဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူးရေး ဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့်(ဆင့်ပွား)သင်တန်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်

ကျောက်ကြီး မေ ၂၃

 ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၉ နာရီတွင် မြို့နယ်အခြေခံပညာအထက်တန်းကျောင်း သပြေဆောင်ခန်းမတွင် မြို့နယ်ပညာရေးမှူးရုံးက ဦးဆောင်ပြီး အခြေခံပညာအလယ်တန်းအဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူးရေး ဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့်(ဆင့်ပွား)သင်တန်းဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။

 အခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်း တက်ရောက်အမှာစကား ပြောကြားပြီး၊ မြို့နယ်ပညာရေးမှူးရုံး ဒုတိယမြို့နယ် ပညာရေးမှူး ဦးခင်မောင်ထွေးက အကြောင်းအမျိုးမျိုးကြောင့် အဆင့်မြင့်ပညာကို ဆက်လက်သင်ကြားရန် အခက်အခဲရှိသူများကို အထောက်အကူပြုနိုင်မည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူးရေး စသည့် အသက်မွေးဝမ်းကြောင်းဘာသာရပ်ကို သင်ကြားနိုင်ရေး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ မိမိတို့မြို့နယ်တွင် ယခုလိုသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများ စက်မှု၊ စိုက်ပျိုး၊ မွေးမြူးရေး ဆိုင်ရာအခြေခံကောင်းများရရှိစေရန်၊ အလယ်တန်းအဆင့်တွင် အသက်မွေးဝမ်းကြောင်းပညာရပ်များ သင်ကြားပေးခြင်းဖြင့် အထက်တန်းအဆင့်တွင် မိမိတို့ စိတ်ပါဝင်စားသော အသက်မွေးဝမ်းကြောင်းပညာရပ်များ ဆက်လက်သင်ကြားနိုင်ရန်၊ ကျောင်းသား/ကျောင်းသူများ စိုက်ပျိုး/ မွေးမြူရေးဘာသာရပ်အား စိတ်ပါဝင်စားစွာ လေ့လာနိုင်ရန်နှင့် လက်တွေ့နယ်ပယ်တွင်အသုံးချနိုင်သည့် အခြေခံစိုက်ပျိုးရေးနှင့် မွေးမြူရေးနည်းစနစ်များ ကျွမ်းကျင်စေရန် ရည်ရွယ်ကြောင်းပြောကြားခဲ့သည်။

 အဆိုပါသင်တန်းကို ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ (၂၅)ဦးအား၊ သင်တန်းနည်းပြ (၃)ဦးဖြင့် မေလ ၂၂ ရက်နေ့မှ မေလ ၂၆ ရက်နေ့အထိ နံနက် ၈ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ၅ ရက်တာ မြို့နယ်အခြေခံပညာအထက်တန်းကျောင်းတွင် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာကော်မတီအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ သင်တန်းတက်ရောက်မည့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)