ဆင်ပေါင်ဝဲမြို့နယ်၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ စွမ်းရည်မြှင့် မွမ်းမံသင်တန်းဆင်းပွဲကျင်းပ

ဆင်ပေါင်ဝဲ မေ ၂၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဘေးကင်းလုံခြုံရေးအတွက် တာဝန်သိစိတ်ဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များ လုပ်ငန်းစွမ်းရည်မြှင့် မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ် (၈)ကာကွယ်ရေးပစ္စည်းစက်ရုံ တပ်ရင်းခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ အမှတ်(၈) ကာကွယ်ရေးပစ္စည်းစက်ရုံ၊ ခေတ္တစက်ရုံမှူးဒုတိယဗိုလ်မှူးကြီး မျိုးကျော်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းမှ အမှာစကားပြောကြားကာ အမှတ် (၈) ကာကွယ်ရေးပစ္စည်းစက်ရုံ၊ ခေတ္တစက်ရုံမှူး ဒုတိယဗိုလ်မှူးကြီးမျိုးကျော်အောင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်း တို့ကပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးသင်တန်းတွင် သင်တန်းပို့ချခဲ့သည့် နည်းပြများနှင့် သင်တန်းသားများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြပြီး တာဝန်ရှိသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ အမှတ် (၈) ကာကွယ်ရေးပစ္စည်းစက်ရုံ၊ ​ခေတ္တ စက်ရုံမှူး ဒုတိယဗိုလ်မှူးကြီး မျိုးကျော်အောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြပြီး သင်တန်းကို (၄) ပတ်ကြာဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)