ပန်းတောင်း မေ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပြည်သူများ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန်နှင့် တုံ့ပြန်ဆောင်ရွက်ရမည့် နည်းလမ်းများကို သိရှိနားလည်စေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပန်းတောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမော်က မိမိတို့ဒေသတွင် ဖြစ်ပွားလေ့ရှိသည့် မုန်တိုင်းဘေး၊ လေပြင်းဘေး၊ ရေကြီးရေလျှံမှုဘေးများနှင့် မီးဘေးအန္တရာယ်များအကြောင်းကိုလည်းကောင်း၊ ဘေးအန္တရာယ်မဖြစ်ပွားမီ ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးချိန်တွင် ဆောင်ရန်/ရှောင်ရန် အချက်များကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောသည်။
ထို့နောက် တက်ရောက်လာကြသည့် ဆရာ/ ဆရာမများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ပြီး၊ တက်ရောက်လာသူများထံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ၊ ဘောပင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)