မိုးနဲ မေ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပညာရေးမှူးမှ ကြီးမှူးကျင်းပသည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အလယ်တန်းအဆင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက ပညာရေးတေးသီချင်း သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်နီလာက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို နည်းပြသုံးဦးက သင်တန်းသား ၁၇ ဦးအား မေ ၂၆ ရက်နေ့အထိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)