နမ့်စန်(တ) မေ ၂၃
၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်မှ စတင်ဖွင့်လှစ်မည်ဖြစ်ရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် "နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့က အမှတ်(၂)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)ရှေ့ ပြည်ထောင်စုလမ်းမကြီးအနီးတွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ပညာရေးမှူး ဦးကျော်နိုင်သွင်၊ မြို့နယ်ပညာရေးမှူး ဦးဝင်းကျော်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်မင်းနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ပြည်ထောင်စုလမ်းမကြီးဘေး အဆိုပါကျောင်းရှေ့တွင် ဆိုင်းဘုတ်စုပေါင်းစိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖြန်းကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
နမ့်စန်မြို့နယ်တွင် အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်း ၁၂၉ ကျောင်း ရှိပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းကို ကျောင်းအပ်နှံရေးသီတင်းပတ် မေလ ၂၅ ရက်မှ ၃၁ ရက်နေ့အထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)