ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်

ဖြူး မေ ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အတတ်ပညာတစ်ခုအဖြစ် အသက်မွေးဝမ်းကျောင်းအတွက် အထောက်အကူပြုစေရန် ရည်ရွယ်၍ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖြူးမြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကာ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းရွှေစင်တို့က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် သင်တန်းသို့ တက်ရောက်လာကြသော အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ Women Club အဖွဲ့ဝင်များ၊ စိတ်ပါဝင်စားသူများ သင်တန်းသူ (၁၈)ဦးအား ဆပ်ပြာဆီပြုလုပ်နည်းကို လက်တွေ့ပြုလုပ်သင်ကြားပေးကြောင်းနှင့် ဆပ်ပြာဆီကုန်ကြမ်းမှာ (၃)မျိုးစပ်၊ (၅)မျိုးစပ်၊ (၈)မျိုးစပ်၊ (၁၀)မျိုးစပ် အမျိုးမျိုးပြုလုပ်နိုင်ပြီး (၁၀)မျိုးစပ်အား (၁၀၀၀၀) ကျပ်ဖိုး ရင်းနှီးပြုလုပ်လျှင် ဆပ်ပြာဆီ(၁)လီတာ (၁၂)ဘူးရရှိ၍ တစ်ဘူးလျှင် (၁၅၀၀)ကျပ်ရောင်းရကြောင်း အဆိုပါသင်တန်းမှ သိရသည်။

 နေမျိုးလွင်(ပြန်/ဆက်)