တာမွေ မေ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရန်နှင့် ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များတွင် မိဘပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်အတွက် ရည်ရွယ်ပြီး မေ ၂၃ ရက် နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပူးပေါင်း၍ တာမွေမြို့နယ် ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက် ဗညားဒလလမ်းရှိ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းနှင့် တာမွေကြီး(ခ)ရပ်ကွက် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှေ့တို့တွင် ကျောင်းအပ်နှံရေး သီတင်းပတ် အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး မြေစိုက်ပိုစတာတွင် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် အသိပညာပေး နှိုးဆော်ထားပြီး ၂၀၂၆ ခုနှစ် မေလ (၂၅)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် သတ်မှတ်ကာ နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၌ အခြေခံပညာအဆင့် ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။
နိုင်လင်းအောင် (ပြန်/ဆက်)