မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို ချောက်မြို့၌ ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ချောက် မေ ၂၂

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို ချောက်ခရိုင်အတွင်း၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများ၊ ဒေသခံပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့အစည်းများနှင့် တွေ့ဆုံကာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက ယခုလက်ရှိ နိုင်ငံတော်အစိုးအရအသစ်အနေဖြင့် ဒေသတွင်းဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရက်(၁၀၀)စီမံချက်များရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကိစ္စရပ်များနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး၊ ချောက်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်နိုင်က ချောက်ခရိုင်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးများဖြစ်သော ဒေသဖွံ့ဖြိုးရေးဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြကာလွှတ် တော်ကိုယ်စားလှယ်များ၊ မြို့မိ မြို့ဖများနှင့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်တင်ပြမှုများပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်သည်။

ထို့နောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ချောက်မြို့နယ် မီးသတ်စခန်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် အရန်မီးသတ်တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ရာ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက လက်ခံရယူပြီး၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် (ထက်၊လယ်မူ) အဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ အခမဲ့ကျောင်းသုံးပုံနှိပ်စာအုပ်၊ စာရေးကိရိယာများကို ကျောင်းသား၊ ကျောင်းသူများထံ ပေးအပ်သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ချောက်မြို့ အမှတ် (၅) ရပ်ကွက်တွင် တည်ထားကိုးကွယ်မည် စွယ်တော်မြတ်စေတီဆောင်ရွက်နေမှုကိုသွားရောက် ကြည့်ရှုစစ်ဆေးရာ ချောက်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရှင်းလင်းတင်ပြမှုများအပေါ် တာဝန်ရှိသူများအား လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)