ပုသိမ် မေ ၂၂
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးပညာရေးမှူးရုံးရှေ့၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။
ဦးစွာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးပညာရေးမှူးနှင့် လေးထပ်ကွမ်းလူရည်ချွန်နှစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာ ရည်များပက်ဖျန်းပေးခဲ့သည်။ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ယခုလ(၂၅)ရက်နေ့မှ (၃၁)ရက်နေ့အထိ သတ်မှတ်ထားကြောင်းသိရှိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်သည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး၊ သန့်ရှင်းသာယာလှပရေး၊ လုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသိူ့ တက်ရောက်ခဲ့ပြီး“ကျောင်းများမကြာမီဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းသားကျောင်းသူများ အေးချမ်းလုံခြုံစွာ ကျောင်းတက်ရောက်နိုင်ရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကျောင်း ပရဝဏ်အတွင်း ပန်းအလှပင်များနှင့် အရိပ်ရအပင်များလည်း စိုက်ပျိုးသွားရန် လိုပါကြောင်း၊ အားကစားကဏ္ဍနှင့် ပတ်သက်၍ ကျောင်းသားလူငယ်များ ကစားကွင်းများသို့ ရောက်ရှိလာရေးအတွက် ကစားကွင်းများ ဖော်ဆောင်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်အညီ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးနှင့် ကျောင်းများတွင် ခြင်ကြောင့် ဖြစ်ပွားတတ်သည့်ရောဂါများနှင့် အခြားကူးစက်ရောဂါများ မဖြစ်ပေါ်စေရန် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုပါကြောင်း၊ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသည့် အစားအသောက်များ သန့်ရှင်းလတ်ဆတ်သော အစားအသောက်များ ဖြစ်စေရေး တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်သွားရန်၊ ကျောင်းအပ်နှံမှုမြင့်မားရေး၊ တန်းစဉ်ကူပြောင်းမှုများ လျော့နည်းမှုမရှိစေရေးနှင့် ကျောင်းအင်္ဂါရပ်များနှင့်အညီ ဖြစ်စေရေး ပူးပေါင်းဆောင်ရွက်ကြရန်လိုပါကြောင်း” ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းတက်ရောက်မှုအခြေအနေများနှင့် ယခုပညာသင်နှစ်တွင် ကျောင်းတက်ရောက်နိုင်ရေး လျာထားမှု၊ ကျောင်းအပ်လက်ခံနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကျောင်းနေ အရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေးအတွက် ဆရာ၊ မိဘများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ သွားလာနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်သွားမည့်အခြေအနေများ၊ ကျောင်းများမှထွက်ရှိသော အမှိုက်များ စနစ်တကျ သယ်ယူစွန့်ပစ်နိုင်ရေး ဆောင်ရွက်သွားမည့်အခြေအနေများ၊ ခြင်များပေါက်ဖွားမှု မရှိစေရန် အဘိတ်ဆေးခပ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများ၊ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကျောင်းမုန့် ဈေးတန်းတွင် ရောင်းချသည့် အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှုရှိစေရေး ဆောင်ရွက်သွားမည့် အခြေအနေများနှင့် အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား (ဆန်နှင့်ဆီ) ထောက်ပံ့ပေးအပ်ပွဲအခမ်းသို့ တက်ရောက်ခဲ့ပြီး “လက်ရှိတာဝန်ထမ်းဆောင်နေသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်းနှင့် ဆက်လက်၍လည်း အလျဉ်းသင့်သလို ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊ ပြည်သူက ရွေးချယ်တင်မြှောက်သည့် အစိုးရသစ်တစ်ရပ်နှင့် လွှတ်တော်လည်းပေါ်ပေါက်လာပြီဖြစ်၍ ဝန်ထမ်းများ၏ လုပ်ဆောင်မှုများသည်လည်း ခေတ်စနစ်နှင့်အညီပြောင်းလဲပြီး အဂတိတရားကင်းရှင်းစွာဖြင့် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ လုပ်ငန်းတာဝန်များကို စနစ်တကျနှင့် အလေးအနက် ထားဆောင်ရွက်ကြရန်” ပြောကြားပြီး တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား ဆန်နှင့်ဆီများ ထောက်ပံ့ပေးအပ်ခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)