ဖောင်းပြင် မေ ၁၂
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ယဉ်ကျေးလိမ္မာသင်တန်း၊ ပန်းချီသင်တန်းနှင့် English Grammar သင်တန်းများကို မတ်လ ၂၆ ရက်နေ့ကစတင်၍ ဖောင်းပြင်မြို့၊ အမှတ်(၈၇) မူလွန်ကျွန်းရွှေဝါ ကျောင်း၌ ပညာဒါနအဖြစ် အခမဲ့ဖွင့်လှစ်ခဲ့ရာ သင်တန်းဆင်းပွဲကို မေ ၅ ရက်နေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အခမ်းအနားကို နမောတဿ ၃ ကြိမ်ရွတ်ဆိုပူဇော်ကာ ဖွင့်လှစ်ပြီး ယဉ်ကျေးလိမ္မာသင်တန်း နည်းပြဆရာတော်များအား ဩကာသကန်တော်ချိုးဖြင့် ပူဇော်ကန်တော့ကြသည်။ ထို့နောက် သင်တန်းများဖွင့်လှစ်ခဲ့သည့် အခြေအေနေများနှင့် ပတ်သက်၍ ယဉ်ကျေးလိမ္မာသင်တန်းနှင့်ပတ်သက်၍ သင်တန်းနည်းပြဆရာတော် ဦးပညာသီဟက ဩဝါဒစကားမြွက်ကြားကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးနီနီက ကျေးဇူးတင်စကားပြောကြားပြီး ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးကောင်းထိုက်က သင်တန်းဖွင့်လှစ်ခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး သင်တန်းသား/ သူများက (၃၈)ဖြာမင်္ဂလာကဗျာနှင့် ငါတို့ဘုရားကဗျာအား သံပြိုင်ရွတ်ဆိုပြီး Phonics အတန်းတွင် ဆုရရှိခဲ့သည့် ကျောင်းသား/ သူများက A to Z အသံထွက်များရွတ်ဆိုကြသည်။
ထို့နောက် သင်တန်းများတွင်ထူးချွန်ခဲ့ကြသည့် ကျောင်းသား/ သူများအား ဆုများချီးမြှင့်ခဲ့ရာ ယဉ်ကျေးလိမ္မာ အငယ်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ရဲမှူးကျော်စိုးထွန်းကလည်းကောင်း၊ ယဉ်ကျေးလိမ္မာ အကြီးတန်းမှ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မင်းထွဋ်ကလည်းကောင်း၊ Phonics အတန်းမှ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ခက လည်းကောင်း၊ English Grammar သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ကျောင်အကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးကောင်းထိုက်ကလည်းကောင်း၊ ပန်းချီသင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးနီနီကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ သင်တန်းများကို အမှတ်(၈၇) မူလွန်ကျွန်းရွှေဝါ ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များက နွေရာသီအားလပ်ရက်များအတွင်း ကျောင်းသား/ သူများအတွက် အကျိုးကျေးဇူးများရရှိနိုင်ရေး စီစဉ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလမှာ(၂၅-၃-၂၀၂၆) ရက်နေ့မှ(၄-၅-၂၀၂၆)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသား/ သူများအတွက် သင်ထောက်ကူပစ္စည်းများနှင့် အာဟာရဒါနများကို အလှူရှင်များက နေ့စဉ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)