ငပုတော စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးဆုရရှိခဲ့သော ကျောင်းများ၊ ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့ကြသည့် ဆရာ/မများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို မြန်မာ့ကျောင်းသီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့ ပညာရေးသည် အဓိကကြကြောင်း၊ တီထွင်ဆန်းသစ်မှု၊အမှားအမှန် ဝေဖန်နိုင်မှု၊ တွေးတောကြံဆမှုတွေကို ဆက်လက်ကြိုးစားကြဖို့ ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်မိုးမိုးအေးက လာမည့်နှစ်မှာ အောင်ချက်အကောင်းဆုံးဖြစ်အောင် မိဘ/ဆရာ/ကျောင်းသား အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြဖို့ လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပရာ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက (၄)ဘာသာဂုဏ်ထူးရှင်နှင့် အောင်ချက် အကောင်းဆုံးကျောင်းများအား ဆုချီးမြှင့်ပြီး၊ (၃)ဘာသာ၊ (၂)ဘာသာနှင့် (၁)ဘာသာရရှိသူများအားနှင့် အောင်ချက်အမြင့်ဆုံးရရှိသော ကျောင်းများ ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြခဲ့ပြီး၊ အခမ်းအနားကို ဇာတိမာန်သီချင်း သီဆိုရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)