ရန်ကုန် စက်တင်ဘာ ၂၅
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း၊ အမှတ်စဉ်(၁၂)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၂ ရက်နေ့ကကျင်းပခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦး၊ အဖွဲ့ဝင် ဦးစိုးတင့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦးက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် နောင်တွင် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ဖြစ်လာမည့် အရာရှိကြီးများအား နိုင်ငံတော်၏ မူဝါဒ၊ လုပ်ငန်းစဉ်များကို ကောင်းစွာ သဘောပေါက်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဗဟုသုတများကို သိရှိနားလည်စေရန်၊ စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေးနှင့်သက်ဆိုင်သော ဥပဒေများ၊ ဝန်ထမ်းကျင့်ဝတ်၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ ပိုမိုကျေညက်စေရန်၊ ဆန်းသစ်သော ခေတ်မီအတွေးအခေါ် အယူအဆသစ်များကို လေ့လာသိရှိစေရန်နှင့် ဦးဆောင်နိုင်မှု စွမ်းရည်မြင့်မား လာစေရန်၊ နိုင်ငံတော်နှင့်ပြည်သူတို့၏ အကျိုးကိုရှေ့ရှုပြီး အဆင့်မြင့်တာဝန်များကို အောင်မြင်စွာ သယ်ပိုးထမ်းရွက်နိုင်စေရန် ယခုသင်တန်းအားဖွင့်လှစ်လေ့ကျင့်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ထမ်းဆောင်ရန် တာဝန်ရှိသူများဖြစ်၍ အရည်အချင်းများပြည့်မီရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ကိုယ်စီတာဝန်များကို စိတ်ရင်းစေတနာ အရင်းခံဖြင့် ကျေပွန်အောင်ထမ်းဆောင်ခြင်းဖြင့် နိုင်ငံ၏စီးပွားကို တိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် ပါတီနိုင်ငံရေးကင်းရှင်းရန် လိုအပ်သည့်အပြင် နိုင်ငံရေးနှင့်နိုင်ငံ့အရေးကို ခွဲခြားသိမြင်ကြပြီး နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် နိုင်ငံအပေါ် သစ္စာရှိကြရန် တိုက်တွန်းမှာကြားခဲ့သည်။
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း၊အမှတ်စဉ်(၁၂)သို့ သင်တန်းသား(၁၇)ဦး၊ သင်တန်းသူ (၆)ဦး၊ စုစုပေါင်း(၂၃)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ၂၂-၉-၂၀၂၅ ရက်နေ့မှ ၁၉-၁၁-၂၀၂၅ ရက်နေ့ထိဖြစ်ကြောင်း သတင်းရရှိသည်။
အောင်မြင့်(ပြန်/ဆက်)