တွံတေး စက်တင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ကျေးလက်ကျန်းမာရေးဌာန၊ ဒေသန္တရကျန်းမာရေးဌာနများနှင့် မြို့နယ်ကုသရေးဦးစီးဌာန ဆေးရုံများတွင် အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း မကူးစက်တတ်သောရောဂါများ ကုသသောနေ့အဖြစ်သတ်မှတ်၍ ပြည်သူလူထုအား စောင့်ရှောက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံနှင့် သက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာနများတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ် စက်တင်ဘာ (၁၃) ရက် ဗုဒ္ဓဟူးနေ့မှစ၍ အပတ်စဥ် မကူးစက်တတ်သော ရောဂါများအား ကုသပေးခြင်း၊ ဒေသတွင်းရှိ အသက်(၇၀) အထက်လူနာများဖိတ်ခေါ်၍ အသက်ကြီးပုဂ္ဂိုလ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အသက်ကြီးပုဂ္ဂိုလ်စောင့်ရှောက်ရေး ဆောင်ရွက်ရာတွင် စမ်းသပ်ပေးခြင်း၊ ဆီးချို၊ သွေးချို စစ်ဆေးခြင်း၊ သွေးတိုးရောဂါစစ်ဆေးခြင်း၊ သွားနှင့်ခံတွင်းစစ်ဆေးပေးခြင်း၊ အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေးစီမံချက် ရွေ့လျားဓာတ်မှန်ရိုက်ကူးရေးအဖွဲ့များနှင့် ချိတ်ဆက်၍ ဓာတ်မှန်ရိုက်ကူးခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ခုံထိုင်လေ့ကျင့်ခန်းများ ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ သက်ကြီးစောင့်ရှောက်ရေးလုပ်ငန်းစဥ်များကို တွံတေးမြို့နယ်အတွင်းရှိဆေးရုံ၊ တိုက်နယ်ဆေးရုံ၊ တိုက်နယ်ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲများနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ ဌာန(၄၉) ခုဖြင့် ကျန်းမာရေးဝန်ထမ်း(၁၈၀)ဦးတို့က အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးလှိုင်