မလှိုင် စက်တင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မိုးနှောင်းချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်းရရှိရေး အရွက်ဖျန်းအားဆေးရည်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက သပြေပင်ကျေးရွာနှင့် ဆည်ကြီးကျေးရွာတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မိုးနှောင်းချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်စိုက်ခင်းများနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်များအတွက် ရေချိုဘူတာ ကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာနှင့် ဆည်ကြီးကျေးရွာတို့မှ တောင်သူများနှင့်တွေ့ဆုံ၍ ပိုးမွှားကင်းထောက် စစ်တမ်းကောက်ယူခြင်း၊ Yellow Sticker နှင့် Blue Sticker များလက်တွေ့ချိတ်ဆွဲပြသခြင်း၊ Sticker အသုံးပြုခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းပြသခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အပင်ရွက်ဖျန်းအားဆေးအရည် (၅၀၀) စီစီဗူးများအား ဝါစိုက်တောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး အသိညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မလှိုင်(ပြန်/ဆက်)