ကျောက်ပန်းတောင်းမြို့ ကုန်းတော်ကြီးဆုတောင်းပြည့် မင်္ဂလာစေတီဘုရားကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာပြုလုပ်

ကျောက်ပန်းတောင်း စက်တင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ ကျက်သရေဆောင် ကုန်းတော်ကြီးဆုတောင်းပြည့် မင်္ဂလာစေတီဘုရားကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးခြင်း အထိမ်းအမှတ်၊ ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို စက်တင်ဘာ(၂၅)ရက်နေ့ နံနက်(၆)နာရီက အဆိုပါ ဘုရားရင်ပြင်တော်ပေါ်တွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေ့ဦးစွာ ပင့်သံဃာအရှင်သူမြတ်များက စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ကြသည်။ ယင်းနောက် စိတ္တပါလ ဂူကျောင်းစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တလာဘက ငါးပါးသီလချီးမြှင့်တော်မူပြီး၊ ကြွရောက်တော်မူလာကြသည့် သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကြသည်။ ဆက်လက်၍ စိတ္တပါလဂူကျောင်းစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တလာဘက အနုမောဓနာ တရားချီးမြှင့်တော်မူ၍ ကြွရောက်လာကြသည့် ဧည့်ပရိတ်သတ်များက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှပေးဝေကြသည်။ ယင်းနောက် ကုန်းတော်ကြီး ဆုတောင်းပြည့် မင်္ဂလာစေတီ ဘုရားကြီးဘဏ္ဍာထိန်း ဂေါပကအဖွဲ့နာယကများ၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကြွရောက်တော်မူကြသည့် ဆရာတော်အရှင်သူမြတ်များအား ဆွမ်း ဆက်ကပ် လှူဒါန်းကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ အဆိုပါ ကုန်းတော်ကြီး ဆုတောင်းပြည့် မင်္ဂလာစေတီ ဘုရားကြီးမှာ ဉာဏ်တော် ၂၈ ပေရှိပြီး၊ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန်အတွက် နာယကဆရာတော်ဘုရားကြိးများ၏ ဩဝါဒကိုခံယူ၍ ရပ်နီးရပ်ဝေးမှ ကုသိုလ်ရှင်အလှူရှင်များထံမှ ရွှေစင်ရွှေပြား အလှူခံရရှိငွေကျပ် (၆၄၁)သိန်းကျော်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး အခမ်းအနားသို့ ပင့်သံဃာအရှင်သူမြတ်(၂၀)ပါးနှင့် ဘဏ္ဍာထိန်းဂေါပကအဖွဲ့နာယကများ၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အကျိုးတော်ဆောင်များ၊ အလှူရှင်များ စုစုပေါင်း ၂၅၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)