အဖျောက်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ လူငယ်စကားဝိုင်းနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

တိုက်ကြီး စက်တင်ဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ လူငယ်စကားဝိုင်းနှင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက အဖျောက်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ငုချယ်ရီခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အ.ထ.က(အဖျောက်)မှ ကျောင်းသား၊ ကျောင်းသူလေးများက အနာဂတ်လူရည်မွန် သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ပြီးနောက် အဖျောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထွေးက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က နိုင်ငံ၏အနာဂတ်ကို ဖန်တီးပုံဖော်ကြမည့်လူငယ်များ အရည်အသွေး ပြည့်ဝစေရေးနှင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားစဉ်းစားနိုင်သည့် လူငယ်များပေါ်ထွန်းလာစေရေး အသိပညာပေး ဟောပြောပြီး ကျောင်းအုပ်ဆရာမကြီးကိုယ်စား အထက်တန်းပြဆရာ ဦးလှစိုးဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပရာ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ငါးဦးက လူငယ်နှင့်စည်းကမ်း၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့် မျိုးချစ်စိတ်ဓာတ်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ဖုန်းသုံးစွဲမှု ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးကြရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။

ယင်းနောက် ဉာဏစွမ်းရည်ပြိုင်ပွဲဖြစ်သည့် ပုံပြင်ပြောပြိုင်ပွဲနှင့် ကာယစွမ်းရည် ပြိုင်ပွဲဖြစ်သည့် ဂိမ်းကစားနည်းပြိုင်ပွဲကို ကျင်းပရာ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်နှင့် ကလေးစစ်မှုထမ်း အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းနှင့် သုတ၊ ရသစာအုပ်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)