မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မိတ္ထီလာမြို့ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှု ကြည့်ရှုအားပေး

မိတ္ထီလာ ဇွန် ၁၆

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ယနေ့နံနက်ပိုင်းက မိတ္ထီလာပညာရေးဒီဂရီကောလိပ်၌ ‌ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ စီစဉ်ဆောင် ရွက်သော ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှု အစီအစဉ်အား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်မှုအစီအစဉ်တွင် ခရိုင်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၊  ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ မိတ္ထီလာပညာရေးကောလိပ် လေ့ကျင့်ရေးအလယ်တန်းကျောင်းမှ ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများနှင့် ပရဟိလူမှုကူညီရေး အသင်းအဖွဲ့များက ငလျင်ဘေးအန္တရာယ်ဆိုင်ရာ လက်တွေ့ကြုံတွေ့နိုင်သည့် အခြေအနေတွင် ငလျင်လှုပ်ကြောင်း စက်အသံဖြင့် အချက်ပြသတိပေးခြင်း၊ ကျောင်းသူ/ကျောင်းသားများ စာသင်ခန်းအတွင်း ဝပ်၊ကာ၊ကိုင် ပုံစံဖြင့်နေထိုင်ခြင်း၊ ငလျင် ဘေးလွတ်ကင်းနေရာသို့ ပြေးထွက်နေရာယူခြင်း၊ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိခြင်း၊ ပိတ်မိနေသော ကျောင်းသူကျောင်းသားများကို ရှာဖွေကယ်ထုတ်ခြင်း၊ ဒဏ်ရာရှိသူများအား ရှေးဦးသူနာပြုစုခြင်း စသည့် အစီအစဉ်များကို သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ  ဦးအောင်မြင့်ဦးနှင့် တာဝန်ရှိသူများ၊ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးသည်။ ထို့နောက် ဇာတ်တိုက်လေ့ကျင့်မှုတွင် ပါဝင်သူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက လိုက်လံ နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ပြီး  တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ချမ်းသာ