မင်္ဂလာဒုံ ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာ၊ မျိုးစေ့ဆိုင်ရာရှင်းလင်းခြင်းနှင့် တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ တောင်သူပညာပေးဆွေးနွေးပွဲတွင် တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံ ဦးမိုးခိုင်က ပိုးသတ်ဆေး ဥပဒေအကြောင်းကိုလည်းကောင်း၊ တိုင်းမြေအသုံးချရေးတာဝန်ခံဒေါ်မြင့်မြင့်မော် က မြေဩဇာဥပဒေအကြောင်းကိုလည်းကောင်း၊ တိုင်းမျိုးစေ့တာဝန်ခံ ဒေါ်ဆွေဆွေဦးက မျိုးစေ့ဥပဒေအကြောင်းကိုလည်းကောင်း၊ခရိုင်တာဝန်ခံများကလည်း စိုက်ပျိုးသီးနှံဆိုင်ရာ ပညာပေးအကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး တောင်သူပညာပေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။
ဆွေးနွေးပွဲသို့ မင်္ဂလာဒုံမြို့နယ်ရှိ ပိုးသတ်ဆေး၊ မြေဩဇာနှင့်မျိုးစေ့အရောင်းဆိုင်များမှလုပ်ငန်းရှင်များ၊ တောင်သူများနှင့်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
မင်းသိန်းထွန်း