မအူပင်မြို့၌ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် လက်ဝယ်အ‌ရောက် ရောင်းချပေး

မအူပင် ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသို့ အခြေခံစားသောက်ကုန်များအား ယနေ့နံနက် ၇ နာရီက အမှတ်(၃)ရပ်ကွက်၊ ကမ်းသာယာဈေးအနီးရှိ နယ်မြေမီးသတ်စခန်းရှေ့တွင် သက်သာသောဈေးနှုန်းဖြင့် လက်ဝယ်အရောက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာ၌ ခရိုင်၊ မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ် ကျဆင်းရေးကော်မတီ၏ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ဆန်ကုန်သည်များအသင်း၊ ဆီကုန်သည်များအသင်းနှင့် ဥစားကြက်ခြံမွေးမြူရေး လုပ်ငန်းရှင်များမှ ကြက်ဥ(၁)လုံးလျှင် (၃၀၀)ကျပ်နှုန်းဖြင့် အလုံးရေ (၅၀၀၀)၊ ဆန်(၁)ပြည်လျှင် (၂၀၀၀)ကျပ်နှုန်းဖြင့် ဆန်(၁၅)အိတ်နှင့် စားအုန်းဆီ(၁)ပိဿာလျှင် (၇၀၀၀)ကျပ်နှုန်းဖြင့် ပိဿာချိန် (၂၀၀)အား စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့သည်။

အဆိုပါရောင်းချနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များမှ ကြည့်ရှုအားပေးခဲ့ကြပြီး ဇွန်လ (၁)ရက် နေ့မှ ဩဂုတ်လ(၃၁)ရက်နေ့ထိ နေ့စဉ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်မြတ်