သာစည် ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ပြည်ညောင်ကျေးရွာ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အသိပညာပေးဟောပြောပွဲတွင် ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ Fire Hotspot ဖြစ်ပေါ်စေသည့် အကြောင်းအရင်းများ ရှာဖွေဖော်ထုတ်နိုင်ရေး ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးစိုးဝင်းအောင်က အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးသည်။ ဆက်လက်ပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးစိုးက သဘာဝဘေးဆိုင်ရာများနှင့်ပတ်သက်၍ဌာနမှ ဆောင်ရွက်မှုများအကြောင်းကိုလည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်အေးစန္ဒာက “မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ် ပူးပေါင်းတို့ကာကွယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနဦးစီးမှူး ဦးအောင်ကျော်စိုးနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူးဦးစည်သူအောင်တို့က သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာများနှင့် မီးဘေးအန္တရာယ်ကာကွယ်ရေးတို့ကို အသိပညာပေးဆွေးနွေးပြောကြားကြပြီး တက်ရောက်လာသူ များအား သက်ဆိုင်ရာဌာနအလိုက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ Fire Hotspot ဖြစ်ပေါ်စေ သည့် အကြောင်းအရင်းများ ရှာဖွေဖော်ထုတ်နိုင်ရေး ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဝင်များ၊ တောင်ပေါ်ကျေးရွာအုပ်စု ကိုးအုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)