မြစ်သားမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေအကြောင်း အသိပညာပေးရှင်းလင်းပွဲ ကျင်းပ

မြစ်သား ဖေဖော်ဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ဘူတာရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေအကြောင်း အသိပညာပေး ရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရပ်ကွက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေအကြောင်းအသိပညာပေး ရှင်းလင်းဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က ပြည်သူ့စစ်မှုထမ်းဥပဒေကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်ကတည်းက ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေးနှင့်အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး (၃) ပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရန် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ဥပဒေကိုပြဋ္ဌာန်းခဲ့ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဘိုဘိုအောင်က ပြည်သူ့စစ်မှူထမ်းလုပ်ငန်းစဉ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ၊ ပြည်သူ့စစ်မှုထမ်းဗဟိုက ဆောင်ရွက်လျက်ရှိသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းက သက်ဆိုင်ရာပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်မှဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်း သိရှိနားလည်ထားရန် လိုအပ်ကြောင်း အသိပညာပေးဟောပြောခဲ့ရာ ဒေသခံပြည်သူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းတင်ပြလာမှုအပေါ် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးကော်မတီဥက္ကဋ္ဌက ပြည်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)