ကျိုက်လတ် ဒီဇင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။
ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသက်နိုင်ဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်လင်းနှင့် ဝန်ထမ်းများက မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်း၊ မီးလောင်မှုဖြစ်ပွားရာတွင် ပထမဦးဆုံးတွေ့ရှိသူသည် မီးသတ်သမားဖြစ်သည့်အတွက် မိမိဈေးတွင်ရှိသည့်မီးသတ်ဆေးဘူးများကိုအသုံးပြု၍ မီးလောင်မှုကိုတားဆီးကာကွယ်နိုင်စေရန်၊ ဈေးရှိပစ္စည်းများ ဆုံးရှုံးမှုမှ ကာကွယ်ရန်အတွက် ဈေးသူ ၊ ဈေးသားများအားလုံး မီးသတ်ဆေးဘူးများ၊ မီးငြှိမ်းသတ်နိုင်မည့် ပစ္စည်းများကိုအသုံးပြု၍ အရေးပေါ်မီးငြှိမ်းသတ်နိုင်သည့်နည်းလမ်းများကို သိရှိထားရမည်ဖြစ်ကြောင်းပြောကြား၍ မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။ ထို့နောက်မြို့နယ်မီးသတ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မီးငြှိမ်းသတ်မှုကို လက်တွေ့ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခဲ့ရာ ဈေးသူ၊ ဈေးသားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်