တောင်တွင်းကြီး ဒီဇင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင်၏ လမ်းညွှန်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များသည် အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း(မိုးထိ)ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက် (၉) နာရီခွဲအချိန်က မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲ ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲအခမ်းအနားတွင် တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်စခန်းမှူး၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးသက်နိုင်ဦးက မီးဘေးလုံခြုံကာကွယ်ရေး အသိပညာပေးဆွေးနွေးရခြင်း ရည်ရွယ်ချက်များ၊ မီးလောင်မှုအခြေခံသဘောတရားများ၊ မီးငြှိမ်းသတ်ခြင်းစနစ်များ၊ မီးအတန်းအစားခွဲခြားခြင်းများ၊ လျှပ်စစ်မီးလောင်မှုဖြစ်စေသည့် အဓိကအကြောင်းအရင်းများ၊ လျှပ်စစ်ဝါယာလျှော့မဖြစ်အောင် ကာကွယ်ရမည့် နည်းလမ်းများ၊ မီးကိုမပေါ့ဆကြရန်နှင့် မီးလောင်ပါက ပစ္စည်းဆုံးရှုံးမှုသာမက အသက်အိုးအိမ်များပါ ပျက်စီးဆုံးရှုံးတတ်ကြောင်းကို ရှင်းလင်းဟောပြောခဲ့ပြီး မြို့နယ်ဒုတိယမီးသတ်ဦးစီးမှူး ဦးသက်နိုင်ဦး ဦးဆောင်၍ တပ်ဖွဲ့ဝင် (၄) ဦးဖြင့် အဆိုပါ ကျောင်းဝင်းအတွင်းရှိ ကွင်းပြင်တွင် ဆီမီးလောင်မှုအား မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်မှုကို လက်တွေ့သရုပ်ပြခြင်း၊ မီးသတ်ပိုက်ဖြင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသ၍ လက်တွေ့ဆောင်ရွက်ခြင်းများကို ပြုလုပ် ခဲ့ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)